မြန်မာ့ရိုးရာ ၁၂ လရာသီအနက် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာဝင် မြန်မာတို့ သတ်မှတ်ကျင်းပကြသည်။ ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့သည်။ ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိသည်။ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဋ္ဌကထာဆရာကြီးများက ညွှန်းဆိုကြသည်။ ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပာယ်ရသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း) သစ္စာလေးပါး ********* ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်သည်။ ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။ သမ္မာဒိဋ္ဌိ = ကောင်းစွာ မြင်ခြင်း သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း သမ္မဝါစာ = ကောင်းစွာဆိုခြင်း သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း (ဒိဋ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်) ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရော်ခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခေါ - လိုချင်တာ မရရှိခြင်း ဒုက္ခ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။ ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။ ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။ ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။ ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။ ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။ ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း၊ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း၊ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း၊ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြသည်။ အခမ်းအနား ထိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် ရဟန်းရှင်လူ အများပြည်သူတို့သည် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည်တို့တွင် ဝတ်အသင်းများ၊ ဓမ္မစကြာအသင်းများက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြသည်။ [၁] ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွတ်ဆို ပူဇော်ကြကုန်၏။ ၎င်းအစီအစဉ်များမှာ နမော တဿ ၃ ကြိမ် ရွတ်ဆို ပူဇော်ရန် နတ်ဗြဟ္မာများအား ဖိတ်ကြားရန် ငါးပါးသီလ (အတိုကောက်) ပြိုင်တူ ခံယူကြရန် စုပေါင်း ဓမ္မစကြာ ရွတ်ဆို ပူဇော်ကြရန် အလုံးစုံသော သတ္တဝါ၊ သက်ရှိတို့အား မေတ္တာပြိုင်တူ ဖြန့်ဝေရန် စုပေါင်းအမျှဝေရန် ရတနာသုံးပါးအား ပူဇော်ခြင်းနှင့် ဆုတောင်းရန် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုဖြင့် နိဂုံးချုပ် ဆုတောင်းကြရန် တို့ဖြစ်ကြသည်
ဘုရားအလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီဖြည့်၍ ဘုရားမဖြစ်မီ တစ်ဘ၀အလို၌ တုသိတာနတ်ပြည်ဝယ် သေတကေတု မည်သော နတ်မင်း ဖြစ်လေသည်။ ဘုရားလောင်း နတ်မင်းသည် နတ်စည်းစိမ်ကို နှစ်ပေါင်း ၅၇၆သန်းပတ်လုံး ခံစားတော်မူပြီးနောက် နတ်သက်စေ့၍ စုတေဖို့ရန် စုတိနိမိတ်ငါးပါးထင်လာသောအခါ စကြာ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည် တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်ကာ ဘုရားဖြစ်ရန် လူ့ပြည်သို့ ဆင်းသက်ဖို့ လျှောက်ထားတောင်းပန် ကြသည်။ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကိုပြု၍ ဥပုသ်စောင့်ထိန်း ပြီးလျှင် တိုက်ခန်းသို့ဝင်၍ သလွန်တော်၌ လျောင်းစက်အိပ်တော်မူသည်။ အိပ်ပျော်နေစဉ် အောက်ပါအိပ်မက်ကို မြင်မက်လေသည်။ နတ်မင်းကြီးလေးယောက်တို့သည် မိဖုရားကို ဟိမဝန္တာတော၌ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ သို့ သလွန်နှင့်တကွ ယူဆောင်၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်။ ထို့နောက် နတ်မိဖုရား များက အနဝတတ်အိုင်သို့ ဆောင်ယူ၍ မိဖုရားကို ရေချိုးပေးကြသည်။ ထို့နောက် နတ်ဝတ်တန်ဆာများ ဆင်ယင်ပေးကာ ငွေတောင်အတွင်း၌ ရှိသော ရွှေဗိမာန်သို့သွင်း၍ အိပ်ရာ၌ အိပ်စက်ကြစေသည်။ ထိုအခါ ဘုရားလောင်းဆင်ဖြူတော်သည် သူ၏နေရာ ရွှေတောင်မှ သက်ဆင်းကာ ငွေတောင်သို့ လာပြီးလျှင် ရွှေဗိမာန် သို့ ဝင်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ဝင်သကဲ့သို့ အိပ်မက်မြင်မက်လေသည်။ ထိုအချိန်မှာပင် မာယာဒေဝီ မိဖုရား၏ဝမ်း၌ ဘုရားလောင်း ပဋိသန္ဓေယူ လေသည်။ အချိန်ကာလမှာ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်နေ့ ကြာသပတေးနေ့ပင် ဖြစ်သည်။ ဘုရားလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေတော်မျိုးတော်များရှိရာ ဒေဝဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်းကြီးအား အခွင့်တောင်းလေ သည်။ မင်းကြီးသည် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် တန်ဆာဆင် စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေသည်။ ခရီးအကြား၌ လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ကို ခေတ္တ ဝင်တော်မူလေသည်။ မယ်တော်မာယာသည် အင်ကြင်းကိုင်းကို လက်ဖြင့် လှမ်းကိုင်လိုက်တုန်းမှာ ဝမ်းတော် လှုပ်လာ သောကြောင့် အဝတ်အကာအရံကို ကာရံစေ၍ မတ်မတ်ရပ်လျက်သာပင် ဘုရားအလောင်းတော်ကို ဖွားမြင်လေသည်။ ဤအချိန်သည် မဟာသက္ကရာဇ် ၆၈ ခု (ဘီစီ ၆၂၃) ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ဖွားမြင်ပြီးသောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရဟန္တာဗြဟ္မာမင်းက ဇာတဘက်ဖြင့် ခံယူ၍ မယ်တော် ၏ ရှေ့၌ပြကာ "အရှင်မိဖုရား၊ ဝမ်းမြောက်တော်မူပါ။ သားရတနာကို ဖွားမြင်ပါပြီ" ဟုဆို၏။ ထို့နောက် စတုမဟာရာဇ်နတ်မင်းကြီးများက သစ်နက်သားမွေးထည်ဖြင့် လှမ်းယူ၍ လူတို့လက်ကို လှမ်းလိုက်လေသည်။ ထို့နောက် လူတို့လက်မှ ဆင်းလျက် မြေ၌ တည့်မတ်စွာရပ်တော်မူ၍ အရပ်ဆယ်မျက်နှာသို့ ရှုစားတော်မူလေရာ အားလုံးသောနတ်ဗြဟ္မာတို့က အရိုအသေပေးကြသဖြင့် မြောက်အရပ်သို့ ခုနစ်ဖဝါးကြွ ပြီးလျှင် "အဂ္ဂေါဟမသ္မိ လောကဿ" ( တစ်လောကလုံး၌ ငါသာလျှင် အမြတ်ဆုံး) ဟု ကြုံးဝါး၏။
မြန်မာနိုင်ငံနှင့်ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်(ဘီစီ ၅၈၈)တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံဗုဒ္ဓဘာသာသာသနာ သက်တမ်း သည် ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ [၅] ပထမမြန်မာနိုင်ငံတော် ကို ထူထောင်ခဲ့သူ အနော်ရထာမင်း (ခရစ်၁၀၄၄ - ၁၀၇၈) လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသို့ စတင် ပြန့်နှံ့လာခဲ့သည်။ အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါးနှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ ရှင်အရဟံ ဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် အရည်းကြီး တို့ကို နှိမ်နင်းခဲ့သည်။ ပုဂံတွင် အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကို ဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟု မသိရသော်လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီးနောက်ဆုံး ပုဂံပြည်၌ပင် နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူသည်။ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။
ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတစ်ဦး" ဖြစ်သည်။ သိဒ္ဓတ္ထဂေါတမ ကို လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် ဘီစီ ၆၂၃ (ကဆုန်လပြည့်)တွင် မွေးဖွားခဲ့သည်ဟု လက်ခံကြသည်။ ဗုဒ္ဓ ဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ လူဘဝမှမျိုးရိုး အမည်မှာ ဂေါတမဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်သည်။ အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော အဓိပ္ပာယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုခေတ်က မျိုးရိုးအားဖြင့်(Shakya ) အဆင့်မြင့်အသိုင်း အဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။
ပါဠိ ကျမ်းဂန်များတွင် ဇာတကခေါ် ဘုရားလောင်းနှင့် သက်ဆိုင်သည့် အဖြစ်တော်များ ရှိသည်။ ထိုဖြစ်တော်များမှာ အရေအတွက်အားဖြင့် (၅၄၇) ဇာတ်ရှိသည်။ သို့သော် အခေါ်ရလွယ်စေရန်အတွက် ငါးရာ့ငါးဆယ် နိပါတ်တော်ဟု ခေါ်ကြသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်ဟု ခေါ်သဖြင့် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မမူမီ ဘဝ ငါးရာ့ငါးဆယ်သာ ကျင်လည်ခဲ့ရသည်ဟု မမှတ်အပ်ပေ။ ငါးရာ့ငါးဆယ် ဇာတ်ကြောင်းတို့မှာ နုမှာငါးရာ ရင့်မှာတစ်ကျိပ် ဟူသောစကားရပ်အရ အခါအားလျော်စွာ ဟောကြားတော်မူခဲ့သော ပါရမီနုစဉ်ကာလမှ အဖြစ်အပျက် အကြောင်းအရာအချို့သာ ဖြစ်ကြသည်။
ဗုဒ္ဓဘာသာတွင် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ(ထေရ်ကြီးဝါကြီးများမှတဆင့် ဆက်ခံသည့်ဝါဒ) နှင့် မဟာယာန ဗုဒ္ဓဘာသာ(ကြီးမားသည့်ယာဉ်) ဟူ၍ ကိုင်းခွဲ နှစ်ခုရှိသည်။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် အဓိက ရည်မှန်းချက်ပန်းတိုင်မှာ မဂ္ဂင် ရှစ်ပါးကို ကျင့်ကြံခြင်းဖြင့် ဘဝသံသရာစက်ဝန်းက လွတ်မြောက်ပြီး အပြီးသတ်အေးငြိမ်းမှု နိဗ္ဗာန်ကို ရရှိရန်ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာအား သီရိလင်္ကာနှင့် အရှေ့တောင်အာရှတွင် ကျယ်ပြန့်စွာ တွေ့ရှိရသည်။
မဟာယာန ဗုဒ္ဓဘာသာတွင် သန့်စင်မြေ ဗုဒ္ဓဘာသာ၊ ဇင် ဗုဒ္ဓဘာသာ၊ နီချီးရန်း ဗုဒ္ဓဘာသာ၊ ရှင်ဂုံ ဗုဒ္ဓဘာသာနှင့် တီအန်တိုင် ဗုဒ္ဓဘာသာစသည်တို့ ပါဝင်ပြီး အရှေ့အာရှ တစ်ဝှမ်းတွင် ပျံ့နှံ့ တည်ရှိသည်။ မဟာယာနတွင် နိဗ္ဗာန်အစား ဗောဓိသတ္တ အဖြစ်မှတဆင့် သံသရာစက်ဝန်းအတွင်းနေထိုင်ပြီး အခြားသူများ ဉာဏ်အလင်းပွင့်ဖို့ရာ ကူညီပေးမည့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိရန် ဦးတည်သည်။