ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် သုံးလောကထွဋ်ထားမြတ်ရှင်စောဘုရား ကိုယ်စားပြုသော “လောကချမ်းသာ အဘယ လာဘမုနိ” ဘွဲ့မည်တော်ရ ရုပ်ပွားတော်ကြီးသည် မြန်မာနိုင်ငံ တွင်ငါးဆူမြောက်သမိုင်းဝင် မှတ်တမ်းဝင်ပွင့်တော်မူသည့် ကျောက်တော်ကြီးဘုရားတစ်ဆူ ဖြစ်တော်မူပေ သည်။
ကမ္ဘာတွင်အမြင့်ဆုံး၊ အကြီးဆုံးဖြစ်သည့် ကျောက်တော်ကြီးဘုရား တစ်ဆူဟုလည်း ဆိုစမှတ်ပြုကြ သည်။ ဘုရားကြီးကို မြင်ကွင်းကြီးကြီးမားမား ဖူးတွေ့ကြရသည်သာမက ရတနာထိုက်သည့် ကျောက်မျက် ကျောက်သား စင်ကြယ်လွန်းပြီး၊ သပ္ပါယ်ကြည်ညိုစရာ အဆင်းသဏ္ဌာန်ရှိမှုတို့ကြောင့် ဘုရားဖူးသူတွေ နေ့ည မပြတ်အောင် စည်ကားလာနေလေသည်။ အနယ်နယ်အရပ်ရပ်သာမက တိုင်းတပါးများကပါ လာရောက်ကြည် ညို ကုသိုလ်ပြုလှူဒါန်း လေ့လာနေကြသည်ကိုလည်း မျက်မြင်ကိုယ်တွေ့ ဖြစ်ချေပါသည်။
လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ကြီးမားထည်ဝါမှုမှာ အကျိုးအကြောင်း ဆက်စပ်၍လည်းနေလေသည်။ ဘုရားကြီး၏ အရွယ်ပမာဏအားဖြင့် အမြင့်(၃၇)ပေသည်ဗောဓိယက္ခိယတရား (၃၇)ပါးကိုလည်းကောင်း၊ ဗျက်အကျယ် (၂၄)ပေသည် ပဋ္ဌာန်းတရား (၂၄)ပစ္စည်းကိုလည်းကောင်း၊ ထုအားဖြင့် (၁၁)ပေအနက်ရှိမှုသည် လောကကြီးတစ်ခုလုံး၏ ငြိမ်းအေးချမ်းသောမီး (၁၁)ပါး ငြိမ်းစေရန်ကိုလည်းကောင်း၊ ရည်ရွယ်တည်ထားသည့်ဖြစ်၍ ဘုရားဖူးသူ၊ အလှူဒါနပြုသူတို့အဖို့ ကြည်နူးမှုသဒ္ဓါပွားများရခြင်းနှင့်အတူအ ကျိုးထူး၊ တရားများစွာကို ပေးနေသည့်ဘုရားကြီးဟု ဆိုရမည်သာဖြစ်ချေသည်။
ဘုရားကြီးအလှူရှင်ဖြစ်သော ပန်းတမော့ပညာရှင်ဆရာကြီး ဦးတော်တော်မိသားစုတို့သည် တစ်မျိုး တစ်ဖုံ ထူးလှသည့်ပါရမီရှင်မျိုး ဖြစ်ပေလိမ့်မည်။ ကိုယ်တိုင်လှူ၊ ကိုယ်တိုင်ထုဆစ်၊ ကိုယ်ပိုင်ပူဇော်ခွင့်ရရှိခဲ့သည့် အလှူတော်မင်္ဂလာမျိုးသည် တသက်မကြုံဘူး၊ မတွေ့တူသေးချေ၊ နောင်တွေ့ကြုံရဖို့ ခဲယဉ်းလိမ့်မည်ဟုထင် ပေသည်။
အလှူရှင်တို့ ဘုရားကြီးတစ်ဆူ လှူဒါန်း၍ ပင်မပြီးသေး၊ ဗုဒ္ဓစက်တော်ရာ၊ ခြေတော်ရာနှစ်စုံနှင့် ရဟန္တာ ကြီးနှစ်ပါးကိုပါ တစ်ဆက်တည်းလှူဒါန်းနိုင်အောင် မိသားစုကြိုးစား ဆောင်ရွက်ပုံမှာ အလုပ်သဘောအရ (သို့) ကုသိုလ်ရေးအရ မချီးကျူးဘဲမနေနိုင်အောင်ပင်ဖြစ်ခဲ့သည်။ ဆက်လက်ပြီးဆရာကြီး ဦးတော်တော်မှ ကျွန် တော်အား ပြောဆိုလာသည့် မင်္ဂလာကုသိုလ်တော်စကား ယခုတိုင် အမှတ်ရနေပေသေး၏။ လာမည့်နှစ် ဒုတိယအကြိမ်ပြုလုပ်မည့် လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အမှီ ‘ကွန်တော် ကျောက်သပိတ်တော်ကြီး တစ်လုံးလှူအုံးမယ်ဗျာ’ ဟု နှုတ်မှ ဖွင့်ဟပြောဆိုလာစဉ်အခါက အံ့အား သင့်ပြီး ကောင်းလိုက်တာ ဆရာတော်ရယ်ဟု ဝမ်းပမ်းတသာပြန်လည်ပြောပြီး သာဓုသုံးကြီး ခေါ်ခဲ့ဘူးသည် လည်း ရှိခဲ့သည်။
ယနေ့ဆိုလျှင်ဆရာကြီးဦးတော်တော်ရည်စူးထားသည့် သပိတ်တော်အလှူတော်မင်္ဂလာကိစ္စအကောင် အထည်ဖော်နေပေပြီ၊ (၂၂-၁-၂၀၀၃)နေ့ သာသနာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် သာသနာရေးဝန် ကြီးအမှူးပြုသည့် သပိတ်တော်ကြီးသယ်ယူရေးအစည်းအဝေးခန်းမတွင် သာသနာရေးဝန်ကြီးအမှူးပြုသည့် သပိတ်တော်ကြီးသယ်ယူရေးအစည်းအဝေး ဒုတိယအကြိမ်ပြုလုပ်တော့မှ သာမန်အရွယ်အစားမဟုတ်သော ဧရာမကျောက်သပိတ်တော်ကြီးဖြစ်ကြောင်းသိရှိခဲ့ရသည်။ ဆန်တင်းပေါင်း(၆၃)တင်းခန့်ချက်ပြီးထည့်နိုင်သည် ဟုလည်းဆိုသည်။ အရွယ်အားဖြင့် (၉)ပေ(၄)လက်မ၊ အချင်း(၁၀)ပေ(၄)လက်မ၊ သပိတ်တော်အမြင့်(၅)ပေ (၁၁)လက်မ၊ သပိတ်စောက်အနက် (၅)ပေ(၂)လက်မ၊ သပိတ်အဝန်းပတ်လည်(၃၂)ပေ(၉)လက်မနှင့် အလေး ချိန်တန်(၃၀)ကျော်သပိတ်တော်ကို “မစာအတုလပတ္တနီလာသပိတ်တော်ကြီး”ဟု အမည်နာမပေးထားကြောင်း စုံလင်စွာကြားသိခဲ့ရသည်။
အဆိုပါ သပိတ်တော်၏ ကျောက်သားအရည်အသွေးကောင်းမွန်လှသည်ဖြစ်၍ ဗုဒ္ဓသပိတ်တော်ကြီး အသွင်ဖြင့် ထားရှိခွင့်ရရှိခြင်းသည် ဘုရားကြီးတည်ရှိရာ မင်းဓမ္မကုန်းတော်နှင့်အလွန်မှ လိုက်ဖက်ညီစေခဲ့ပါ သည်။ မှောက်နေသည့်သပိတ်မျိုးမဟုတ်သလို ဖွင့်လှန်ထားသည့် သဘောသဘာဝကြောင့် အတိတ်လည်း ကောင်း၊ နိမိတ်လည်းကောင်း၊ ခေတ်ကာလလည်းကောင်း၊ အကောင်းတွေစုပြီး မြန်မာနိုင်ငံတော်၏ သာသနာ ရောင်ဝါထွန်းလင်းလျက် ဆန်ရေစပါးပေါကြွယ်ဝလာနိုင်သည့် အရေးတွေးပြီး ကြည်နူးဝမ်းမြောက်မိပါသည်။
အမှန်မှာလည်း ကျောက်သားသပိတ်ဟူသည် ဗုဒ္ဓ၏အသုံးဆောင်ဖြစ်သကဲ့သို့ ပရိဘောဂစေတီထိုက် ကြောင်း၊ အဇာတသတ်မင်း စေတီတည်ထားကိုးကွယ်ရာ၌ စတုမဟာရာဇ်နတ်မင်းကြီးလေးပါး လှူဒါန်းသော “ပဲနောက်အဆင်းရှိသည့် ကျောက်ညိုသပိတ်တော်၊ တောင်ဝှေးတော်၊ သင်းပိုင်တော်တို့ကို ကုရုတိုင်း၌ စေတီ တည်ရာတွင် ဌာပနာ၏” ဟုကျမ်းတွင် ပြဆိုထားပေသည်။
သို့ဖြစ်၍လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရခေတ်၌ ထေရဝါဒဗုဒ္ဓသာ သနာတော်ကြီး အဓွန့်ရှည်တည်တံ့အောင် ဘာသာရေးဆိုင်ရာ ကိစ္စဝဝအားလုံး တုမရယှဉ်မရ နိုင်အောင်စွမ်း ဆောင်နိုင်ခဲ့သည်ဖြစ်၍ ဗုဒ္ဓဘုရားရှင်၏ သာသနာ့အမွေကို ဆက်ခံထိုက်၊ ဆက်ခံနိုင်သည့်အစိုးရဟုပင် တင်စား ခေါ်ဆို သတ်မှတ်နိုင်ခဲ့သည်ဖြစ်၍ ဗုဒ္ဓဘုရားရှင်၏ သာသနာ့အမွေကို ဆက်ခံထိုက်၊ ဆက်ဆံနိုင်သည့် အစိုးရဟု ပင် တင်စားခေါ်ဆို သတ်မှတ်နိုင်ပေသည်။
ဗုဒ္ဓသပိတ်တော်ကိုစိတ်ဝင်စားမည်ဆိုပါက စိတ်ဝင်စားစရာကောင်းလှဘိသည်။ ဗုဒ္ဓနှင့်ပတ်သက်သည့် အမွေအနှစ်ပရိက္ခရာရှစ်ပါး အကြုံးဝင်သည်ဖြစ်၍ သပိတ်တော်အကြောင်း ကောက်နှုတ်တင်ပြရမည်ဆိုပါလျှင် ဗုဒ္ဓသည်သပိတ်တော်ကို မည့်သည့်အချိန်ကာလမှစ၍ အလှူခံယူရရှိခဲ့သနည်း၊ မည်သည့်ပုဂ္ဂိုလ်များက ဗုဒ္ဓအား သပိတ်တော်ကိုလှူခဲ့သနည်း၊ ဗုဒ္ဓသက်တော်ထင်ရှားရှိတော်မူစဉ်ချိန်က သပိတ်တော်ကို မည်သို့များထူးခြားစွာ သုံးစွဲခဲ့သနည်းနှင့်ပတ်သက်၍ ကုန်းဘောင်ခေတ်၌ထင်ရှားခဲ့သော ကျဉ်းကန်ရှင်ကြီးအမေးကို ကျီးသဲလေးထပ် ဆရာတော်မှ အောက်ပါအတိုင်း ဖြေကြားတော်မူပါပေသည်။
စွယ်စုံကျော်ထင်ကျမ်း၌ ကျည်းကန်ရှင်ကြီးမေးထားပုံမှာ-
သပိတ်လေးလုံး၊ လက်နှိပ်ဖုံး၊ တစ်လုံးတည်ဖြစ်၊ ဘယ်နေ့တည်း၊
နတ်လေးယောက်လုံး၊ လှူစည်းရုံး၊ မြင့်ဆုံးဘယ်နတ်သပိတ်နည်း။
ကျီးသဲလေးထပ်ဆရာတော်၏ အဖြေမှာ လောကပါလနတ်မင်းကြီးလေးပါး သပိတ်တော်လေးလုံး လှူ သောနေ့မှာ ဝါဆိုလဆန်း(၅)ရက်နေ့ဖြစ်သည်။ တစ်ဖန်ကျည်းကန်ရှင်ကြီးကနတ်လေးယောက်လုံး၊ လှူစည်းရုံး မြင့်ဆုံးဘယ်နတ် သပိတ်နည်းတူဟူကိုမူ၊ ကျီးသဲလေးထပ်ဆရာတော်ဖြေဆိုရာ၌ ဗုဒ္ဓဝင်အဋ္ဌကထာ ကျမ်းများ၌ တိုက်ရိုက်မပြဆို၊ သို့ရာတွင် နတ်မင်းလေးပါးအနက် နောက်ဆုံးမှရောက်လာသော ကုဝေရနတ်မင်းသပိတ်ဖြစ် နိုင်သည်ဟု ဖြေဆိုထားလေသည်။
တစ်ဖန်(အိတ်)ကာရန်ကဏ္ဍတွင် ဘုရားသပိတ်ရောင်ဖိတ်ဖိတ်ဖုံးပိတ်ဘယ်ဖြင့်ပြီးသနည်းဟုမေးခဲ့ပြန် ရာဤသည်ကို ကျီးသဲလေးထပ်ဆရာတော်ဘုရားက စတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့သည် ပထမတွင် ဣန္ဒာနီလာမြသားသပိတ်လေးလုံးကို လှူဒါန်းရာ၌ ဗုဒ္ဓက လက်ခံတော်မမူဘဲ ပဲနောက်အဆင်းရှိသော ကျောက် သပိတ်တစ်ခုတည်းဖြစ်အောင် ထပ်ဆင့်စီ၍ လက်တော်ဖြင့်ကိုင်နှိပ်ရာ သပိတ်လေးလုံးသည် အနားလေးရစ်ရှိ သော တစ်လုံးတည်းသော သပိတ်ဖြစ်လေသည်။
ထိုနတ်မင်းကြီးလေးပါးလှူသော သပိတ်တော်ကိုပင်ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုအပ်သော အချိန်ကာလ အ ထိ အသုံးပြုတော်မူခဲ့သည်ဟု ဗုဒ္ဓဝင်အဋ္ဌကထာများတွင် ဖော်ပြထားလေသည်။
ကျန်သပိတ်တော်နှင့်ပတ်သက်၍ သိမှတ်စရာတို့မှာ သံဃာများအတွက် မြေသပိတ်၊ သံသပိတ်နှစ်မျိုး ကိုသာ ဘောဇဉ်အာဟာရ ခံယူရန်လိုအပ်သည်။ ဘုန်းပေးသုံးဆောင်ဘွယ်ရာများကို အလှူခံယူသုံးဆောင်ခြင်း ငှာအပ်၏။ အဖိုးတန် ကျောက်သံပတ္တမြား၊ အမွေးနံ့သာ စသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော သပိတ်များကို မသုံးဆောင်အပ်၊ မြေသပိတ်၊ သံသပိတ်စသည့်များပင်လျှင် အဆင်းအရောင်အားဖြင့် သင့်လျော်လုံလောက်ပါမှ အဓိဋ္ဌာန် ပြည့်စုံသည်။ ဝိကပ္ပနာ လုံလောက်သည်ဟု ဆိုနိုင်သည်။ တနည်းအားဖြင့် သပိတ်အရာဝင်သည်ဟု မှတ်သားရကြောင်း ဖော်ပြထားပေသည်။
မူရင်းအားဖြင့် သပိတ်သုံးလုံးရှိသည်ဆိုရာ၌ သပိတ်ကြီး၊ သပိတ်လတ်၊ သပိတ်ငယ်တို့ဖြစ်ကြောင်း အရွယ်ပမာဏကို ဖော်ပြရာတွင် ဆွမ်းဘောဇဉ်အစုံ သုံးပြည်ဝင်သော သပိတ်က သပိတ်ကြီးဖြစ်၏။ ဤပမာဏ နှင့်တွက်၍ ဆွမ်းဘောဇဉ်သုံးပြည့်ထည့်၍မှ နေရာကျန်သေးလျှင် သပိတ်ကြီးထက်ပင်ကြီးသော သပိတ်၊ ပိုလျှံ နေခဲ့လျှင် သပိတ်ကြီးအောက်ငယ်သော သပိတ်ဟု သတ်မှတ်၏ဟုအဆိုရှိချေသည်။
ယခုဆရာကြီးဦးတော်တော်မိသားစုလှူဒါန်းသော သပိတ်တော်သည် ဆွမ်းဘောဇဉ်သုံးပြည်ထည့်၍ နေရာကျန်သေးသည့် သပိတ်တော်အမျိုးအစားဖြစ်၍ သပိတ်သုံးလုံးအမျိုးအစားတွင် ပါဝင်သော ဗုဒ္ဓသပိတ် တော်ကြီးဖြစ်ကြောင်း မှတ်တမ်းတင်ရပေမည်။
ဒိန္န ပတ္တံ စတ္တာရောစ ပစ္စဂ္ဃံစ ပဋိကိတွာ၊
ဗုဒ္ဓဿစ၊ ပူဇေယျာမ သေလ ပတ္တံစ ဘဂဝါ၊
ဘဂဝါ - ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့်ပြည့်စုံတောမူသော မြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီးသည်
စတ္တာရော - စတုမဟာနတ်လေးဖြာတို့က၊ ဒိန္နပတ္တံ၊ လှူဒါန်းကော်ရော် ပူဇော်အပ်ထဣန္ဒနီလာ ရောင်ဖြာဖိမ့်ဖိမ့် မြသပိတ်တော်ကို
ပဋိက္ခိတွာ - အလှူမခံ ပယ်မြစ်ပြန်၍၊ သေလပတ္တံ၊ ကျောက်ညိုကျောက်သား ဆင်းကား ပဲနောက် ကျောက်ဖြင့်ပြီးထ လေးဝဆင့်က သပိတ်မဟာကို
ပစ္ဆဂ္ဃံ - လက်ဝဲလက်ယာ၊ ပင့်နှိပ်ကာဖြင့်၊ လေးဖြာအနား၊ အရစ်ထား၍၊ သက်ထားရှိသမျှ ကာလပတ်လုံး၊ အစဉ်သုံးသည့်၊ တစ်လုံးတည်းသော၊ မဟာပတ္တံ၊ အများဦးခိုက် စေတီထိုက်သည့် သပိတ်မဟာမြတ်ရတနာကို
ဒေဝပုတ္တနံ - သပိတ်ဒါယကာ နတ်လေးဖြာတို့အား၊ အနုကနမ္ပာယ၊ သနားသမှု အစဉ်ပြုသဖြင့်၊ ပဋိဂ္ဂဟတိ ဝမ်းမြောက်နုမော်သာဓုခေါ်၍ ခံယူတော်မူ၏။
တထာ - ပမာထားယူ၊ အလားတူသာလျှင်၊ ဗုဒ္ဓဿ၊ စကျင်တော်မဟာ၊ ရတနာမြေမှ ပွင့်လာ ဗုဒ္ဓ၊ မင်းသူငါတို့၊ ပူဇော်လာမှု၊ အစဉ်ပြုသည့်၊ လောကချမ်းသာ အဘယ လာဘမုနိ ထင်ရှားရှိသား ရုပ်ပွားတော်မြတ်ကြီးအား၊
သေလပတ္တံ - ဘုရားပွင့်ရာ ကျောက်တောင်သာမှ လက်ရာပြောင်မြောက် အံ့ချီးလောက်သည့် ကျောက်ဖြင့်ပြီးသာ ကြီးပွားနိမိတ် အတိတ်ဖေါ်ပြီး သပိတ်တော်ကြီးကို
မယံ - သဒ္ဓါကြည်ဖြူ၊ စိတ်ရည်တူ၍ အလှူဒါနပြကြကုန်သော ရာဇရာဇာမင်းမဟာနှင့် ရဟန်းရှင်လူများ ဗိုလ်လူတို့ဖြစ်ကြကုန်သော အကျွန်ုပ်တို့သည်
ဒေမပူဇေယျာမ - သဒ္ဓါကြည်ဆန်း၊ ရင်မှဖြန်း၍၊ ရွှင်လန်းတက်ကြွ၊ လှူဒါန်းဆက်သပူဇော်ကန်တော့ ကြပါကုန်၏ အရှင်မြတ်ဘုရား။ ။