သလင်းကျောက်ဖြူသပိတ်တော်ကြီးအတူ သလင်းကျောက်ဖြူဖြင့်ခြေတော်ရာနှစ်ဆူထုလုပ်ကိုးကွယ် မည့်ကိစ္စများကို ၁၃၆၂-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျောက် ၅ ရက် (၁၂-၄-၂၀၀၂)နေ့တွင် ပြုလုပ်သော ဩဝါဒ ခံယူပွဲ၌ ဆရာတော်ကြီးများအား လျှောက်ထားဩဝါဒခံခဲ့သည်။
ခြေဖဝါးတော်ကိုသုံးပုံပုံ၍ အလယ်ပုံမှာ စက်ဝန်းပုံထား၍ စက်ဝန်း၏ဘေးပတ်လည်မှာ (၁၀၈)ကွက် ထုလုပ်ရန်ဖြစ်ကြောင်း၊ ဆရာတော်ကြီးများက ဩဝါဒပေးခဲ့သည်။ ထို့အပြင်စက်တော်လည်းတခြား၊ (၁၀၈) ကွက်လည်းတခြားဖြစ်ကြောင်း၊ ဩဝါဒပေးတော်မူခဲ့ကြသည်။
ထိုခြေတော်ရာများကို ရုပ်ပွားတော်မြတ်ကြီး၏ နောက်ကျောဘက်တွင် တစ်ဆူစီထားရှိပူဇော်ပါက သင့်လျော်မည်ဖြစ်ကြောင်းကိုလည်း ဩဝါဒပေးခဲ့သည်။
ဘိုးတော်မင်းတရားမေး၍ မောင်းထောင်သာသနာပိုင်ဖြေဆိုသည့် အမေးတော်ဖြေကျမ်းတွင် ပါရှိသည့် အတိုင်းဖော်ပြပါမည်။ စက်တော်ရာကိုဖူးမြော်သည့်အခါ လေ့လာမှတ်သား ကြည်ညိုသဒ္ဓါပွားနိုင်ကြမည်ဖြစ် သည်။
ယင်းစက်တော်အလယ်တွင် ပုံကောင်းကား ဣန္ဒနီလာမြေ အဆင်းရှိသည်။
ပုံတောင်း အပေါက်သဏ္ဍာန်အလယ်ကွက်ကား ငွေအဆင်းရှိသည်။
ပုံတောင်းအတွင်းအပြင် ပုံတောင်းထိပ်တွင် ရွှေအဆင်းရှိသော ရွှဲကြိုးရှိသည်။
အကန့်တစ်ထောင်ကား သန္တာအဆင်းတွင် ရတနာ (၇)ပါးဖြင့် ခြယ်လှယ်သည်။
တစ်ကန့်နှင့်တစ်ကန့်ကြားတွင် ရတနာ (၇)ပါးအဆင်းရှိသော ရွှဲကြိုးခြားသည် အကွပ်ကားရွှေကြံဆစ် ခြယ်လှယ်သော သန္တာအဆင်းရှိသည်။
အကန့် ၁၀ခု၊ ၁၀ခု အကြားတွင် လက်ဝဲလက်ယာပန်းဆိုင်းဆွဲလျှက် သန္တာရိုးတပ်ထားသောထီးဖြူရှိ သည်။
အကွပ်အနားပုံတောင်း၏ အနားတွင် ခြင်္သေ့ခံတွင်း ပုံသဏ္ဍာန်၊ ပုလဲသွယ်သဏ္ဍာန်စဉ်လျှက်ရှိသည်။
လှံမ၊ အိမ်မွန်စသော (၁၀၈)ကွက် စက်တော်ဝန်းကျင် အဝင်မှစ၍တည်သည်။ (၁၀၈)ကွက်မှ “ချိထွေ အစ၊ လှံမ၊ အိမ်မွန်၊ မကျန်ပွင့်ချပ်၊ ဇလပ်ပျံမွှေး” ဆိုသည့် အစဉ်အတိုင်းဖြစ်သည်။
“ဥပေါသထာယာဉ်မွန်ဆဒ္ဒန်အခြား”ဟူရာ၌ တစ်စီးတည်းသာ ရေးသားလုပ်ဆောင်သင့်သည်။ စက် တော်လည်းတခြား၊ (၁၀၈)ကွက်လည်းတခြားဖြစ်သည်။